လူငယ်များဘဝတိုးတက်ဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့ အသိပညာပေးဟောပြောပွဲ တွံတေး၌ ကျင်းပ

တွံတေး    ဇူလိုင်   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်များ စာဖတ်စွမ်းရည်မြင့်မားတိုးတက်လာစေရန်အတွက် လူငယ်များဘဝတိုးတက်ဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးက အမှာစကား ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ယနေ့ခေတ်သည် ၂၁ရာစု ပညာခေတ်ဖြစ်သည်နှင့်အညီ တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုက်ပါပြောင်းလဲရန် လိုကြောင်း၊ ယခုအခါ Social Media များနေရာယူလာပြီး စာဖတ်သူနည်းပါးလာကြောင်း၊  အလိမ္မာစာမှာရှိဟူသော စကားနှင့်အညီ မိမိသိလိုသော အကြောင်းအရာများကို မီဒီယာများက အပြည့်အဝမပေးစွမ်းနိုင်သည့်အခါ စာအုပ်စာပေများက လေ့လာဖတ်ရှုရကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိသောအသိပညာ ဗဟုသုတများသည် ပင်လယ်ရေပမာ ခပ်၍မကုန်နိုင်သော အရာဖြစ်ကြောင်း၊ ဖွံဖြိုးတိုးတက်သော တိုင်းပြည်ရှိ လူအများစာဖတ်ကြကြောင်း၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်ချင်လျှင် စာဖတ်ကြပါ၊ စာဖတ်ခြင်းသည် လူတစ်ဦးတစ်ယောက်အတွက် စိတ်စွမ်းအားကို ပြည့်ဝစေပြီး စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း လူတို့၏မိတ်ဆွေစစ်မှာ စာအုပ်စာပေပင်ဖြစ်ကြောင်း၊ စာပေသည်ကမ္ဘာ၏ ပြတင်းပေါက်များနှင့်တူရာ စာဖတ်ခြင်းဖြင့် ကောင်းကျိုးသာရရှိနိုင်ကြောင်း၊ စာဖတ်ခြင်းသည် အသိပညာဥာဏ်ကို ရင့်ကျက်စေခြင်း၊ အတွေးအခေါ်ကောင်း၊ အရည်သွေးကောင်း

များရရှိစေနိုင်သည့် ဘဝမီးရှူးတန်ဆောင်လည်း ဖြစ်ကြောင်း၊ လူငယ်တို့၏ စွမ်းဆောင်ချက်ပေါ်တွင်မူတည်သဖြင့် လူကြီး၊ လူငယ်မရွေး စာဖတ်မှ ဘဝတိုးတက်မြင့်မားနိုင်မည် ဖြစ်သဖြင့် အားလုံးစာဖတ်ကြပါဟု တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များပြသပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ပြသထားရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။

တွံတေးသား