ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက် အလက် (Biographic Data)နှင့် ဇီဝအချက် အလက် (Biometric Data) စာရင်း ကောက်ယူခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်များ(Biographic Data)နှင့် ဇီဝ အချက်အလက်များ (Biometric Data)  ‌ကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ခင်ဦး ဦးဆောင်၍ ဝန်ထမ်းများက သတ်မှတ်ဦးတည်အုပ်စု အလိုက် မြို့နယ်အတွင်းရှိ အသက် ၁၀ နှစ်ပြည့်ပြီးသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး၊ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို တစ်ဦးချင်းစီအလိုက် စနစ်တကျ ဆက်လက်ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီသည့် ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍  ကတ်ပြားများ ထုတ်ပေး လျက်ရှိသည်။

မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ  ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၏  ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝအချက်အလက် (Biometric Data)များ ကောက်ယူပေးခြင်းအပြင် အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သတ်မှတ်စာရွက် စာတမ်း အထောက်အထားများ ပြည့်စုံပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပါ တစ်ဆက်တည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (IPRD)