လားရှိုး ဇူလိုင် ၂၁
လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေများနှင့် ပတ်သက်၍ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော် ၊ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လားရှိုးမြို့နယ်၊ မတ်ချိနုကျေးရွာအနီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြသည့် ဒေသခံများ၏ စိုက်ခင်းနှင့် ဖူလီဝက်မွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည့် အထောက်အထားများနှင့် ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုအပ်သည်များကို ကူညီဖြည့်စွက်လမ်းညွှန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖူလီဝက်မွေးမြူရေးခြံသည် နိုင်ငံတော်မှချမှတ်ပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေဖြင့် သီးနှံများအထွက်နှုန်းတိုးတက်၍ အရည်အသွေး ကောင်းမွန်စေရန်နှင့် တောင်သူများဝင်ငွေ ပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းပိုမိုများ ပိုမိုပေါ်ပေါက် လာစေရန်၊ စီမံကိန်းတွင်ပါဝင်သော အစုအဖွဲ့တိုင်း အကျိုးအမြတ်ကိုယ်စီရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့် စနစ်အပေါ် အလေ့အကျင့်ရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့သည့် ချေးငွေကိုရယူပြီး ဝက်ကောင်ရေပေါင်း တစ်ထောင်ကျော်ကို စီးပွားဖြစ် မွေးမြူသည့် ဝက်မွေးမြူရေး ခြံတစ်ခြံ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်းရှိ ဒေသခံများအနေဖြင့် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်ကြကာ အသက်မွေးဝမ်းကျောင်း ပြုကြကြောင်းသိရသည်။
စိုင်းထွန်း (လားရှိုး)