သုံးခွမြို့နယ်တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းများဖွင့်လှစ်ရေး နှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သုံးခွ အောက်တိုဘာ  ၁၃

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပ ပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်အတွင်းရှိ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၌ ကျင်းပသည်။
အခမ်းအနားတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးချစ်ကိုကို က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက် များနှင့်  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အတွင်း မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းကို အောက်တိုဘာ ၂၉ ရက် နေ့မှ နို၀င်ဘာ၂ရက်နေ့ထိ ဖွင့်လှစ်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င် ဦးကျော်စိုးက ကြိုတင် မဲဆန္ဒပေးနိုင်ရေးနှင့် သုံးခွမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မြို့နယ် အတွင်း မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား သင်တန်းဖွင့်လှစ်ပို့ချရေး၊ မဲရုံလျာထားမှု များနှင့် ဒုတိယ အကြိမ်မဲစာရင်း ကပ်ထားကြေညာချက်များ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်ပို့ချမည့် အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရေးတို့အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က လိုအပ်သည်များဖြည့်စွက် ဆွေးနွေးတင်ပြကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၄၀၉၉ဦး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း ၁၇၅ရုံ ထားရှိပေးထား မည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက်များအညီ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက် ထားရှိ ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်