သင်္ဃန်းကျွန်း ဇူလိုင် ၂၁
သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံသင်တန်း) အမှတ်စဉ်(၇/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ပညာ နေခြည်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်မှ (၇/၂၀၂၃) PPTT အခြေခံသင်တန်းသားထူးချွန်ဆုများအား ဆုချီးမြှင့်ခဲ့ပြီး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းမှ (၇/၂၀၂၃) ဟားခါးပညာရေးဒီဂရီကောလိပ် အခြေခံသင်တန်းသားထူးချွန်ဆုများအားချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အမှုဆောင် ဒေါက်တာတင်မောင်လှိုင်၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်တို့မှ (၇/၂၀၂၃) အခြေခံသင်တန်းသား ထူးချွန်ဆုများအားဆုချီးမြှင့်ခဲ့သည်။ ၎င်းနောက် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်မှ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကြက်ခြေနီသာမန်အသင်းဝင် (၁၁၇)ဦး၏ အဆိုပြုလွှာများပေးအပ်ခဲ့ပြီး အရှေ့ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးထိန်လင်းမှ (၇/၂၀၂၃) အခြေခံသင်တန်းသား (၁၁၇)ဦးအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့သည်။ ထို့နောက် ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးခင်သန်းမှ သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ကာ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်မှ သင်တန်း နည်းပြများအားလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ ဆက်)