ကျောက်မဲ အောက်တိုဘာ ၁၃ ရက်
ကျောက်မဲမြို့နယ်တွင် ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ထုတ်ပြန်ထားသည့် စည်းကမ်းကို ချိုးဖောက်ခြင်းကြောင့် ၇ ရက် ယာယီပိတ်သိမ်းစေခြင်းဖြင့် အရေးယူထားသည့် စားသောက်ဆိုင် ၅ ဆိုင်နှင့် Mask တပ်ဆင်ခြင်းမရှိဘဲ ဈေးရောင်းခဲ့သည့် ဆိုင် ၁ ဆိုင် စုစုပေါင်း ဆိုင် ၆ ဆိုင်ရှိပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောက်မဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ အားလုံးကို စက်တင်ဘာလ ၂၅ ရက်မှ စတင်၍ ပါဆယ် (Take-away) စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၀) ဖြင့် ထုတ်ပြန်ထားခဲ့သည်။
ယင်းနောက် စားသောက်ဆိုင်များသတ်မှတ်စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်မှုရှိ/မရှိကို အဖွဲ့ ငယ် ၇ ဖွဲ့ဖြင့် နယ်မြေခွဲ၍ နေ့စဉ် ရှောင်တခင် စစ်ဆေးလျက်ရှိရာ အောက်တိုဘာ ၁၂ ရက်နေ့အထိ တားမြစ်ချက်များကိုချိုးဖောက်သည့် ဆိုင် ၅ ဆိုင်ရှိပြီဖြစ်ပြီး အဆိုပါဆိုင်ရှင်များကို ဝန်ခံကတိ ရေးထိုးစေခြင်း ဆိုင်အား ၇ ရက်ယာယီပိတ်သိမ်းခြင်း၊ အများပြည်သူသိရှိစေရန် ဆိုင်အား ၇ ရက် ပိတ်သိမ်းကြောင်း အသိပေး ဗီနိုင်းကပ်ခြင်းဖြင့် အရေးယူထားကြောင်း မြို့နယ် စည်ပင်သာယာရေးဌာန အမှု ဆောင်အရာရှိ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင်စည်ပင်သာယာဈေးများအတွင်း ဈေးရောင်းသူများ Mask တပ်ဆင်ရမည်ဆိုသည့် တားမြစ်ချက်ကို လိုက်နာမှုမရှိသည့် ဗဟိုဈေးကြီးအတွင်းရှိ ဆိုင် ၁ ဆိုင်ကိုလည်း ၇ ရက်ယာယီ ပိတ်သိမ်းခြင်းဖြင့် အရေးယူခဲ့သည်။
အဆိုပါ အရေးယူထားသည့် ဆိုင် ၆ ဆိုင်အနက် ဆိုင် ၅ ဆိုင်သည်သတ်မှတ်ရက်ပြည့်ပြီ ဖြစ်သည့်အတွက် ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့သည့်ဆိုင်များက သတ်မှတ်စည်းကမ်းများကိုထပ်မံ ချိုးဖောက်ခဲ့ပါက ၁၄ ရက် ထပ်မံယာယီပိတ်သိမ်းရမည်ဖြစ်ကာ တတိယအကြိမ် ထပ်မံချိုးဖောက်ပါက COVID-19 ရောဂါ တားဆီးထိန်းချုပ် ကာကွယ်ရေး ဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)