ရပ်စောက် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရတနာပုံကျေးရွာ အ.ထ.က(ရတနာပုံ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ယခုလို လူငယ်စကားဝိုင်းများကို လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် အတွေးအခေါ်စွမ်းများပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဝိုင်းဖွဲ့၍ ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် လူအများရှေ့မောက်တွင် ပြောရဲ၊ ဆိုရဲသည့် စိတ်သတ္တိများရရှိလာစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။
ဆက်လက်၍ စကားဝိုင်းကို အ.ထ.က(ရတနာပုံ)ကျောင်း Grade-11 မှ ကျောင်းသား မောင်ကောင်းဆက်ထွန်း၊ မောင်ကောင်းမြတ်သူ၊ သူရကိုကို၊ မောင်နော်အောင်၊ မောင်အောင်ပြည့်စုံ၊ မောင်ဟိန်းထက်ဦးတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်လူကုန်ကူး မှုအသိပညာပေး ခေါင်းစဉ်တို့ကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသားများနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ကာယဦးစီးဆရာမ ဒေါ်အမာကြူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် လူကုန်ကူးမှု အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဆုမွန်