ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးများတစ်ရက်လျှင် ၂၀၀၀ ဦးခန့်ဝင်ရောက်

ညောင်ဦး  ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ရက်လျှင် ဘုရားဖူးလာရောက်သူ ၂၀၀၀ ဦးခန့်လာရောက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများထံကသိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်လျက်ရှိရာ စနေ၊တနင်္ဂနွေရက်များတွင် ဘုရားဖူးလေ့လာရေးလာရောက်သူပိုမိုများပြားလျက်ရှိပြီး တစ်ရက်လျှင် ၂၀၀၀ ဦးခန့် ဘုရားဖူးလာရောက်လျက်ရှိကြောင်းသိရသည်။ ဘုရားဖူးလာရောက် သူများသည် သမိုင်းအထင်ကရဘုရားများဝင်ရောက်ဖူးမြှော် ခြင်းများအပြင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ နံရံဆေးရေးပန်းချီရှိသည့် ဘုရားများအားဖူးမြှော်လေ့လာခြင်း၊ ဘုရားများတည်ဆောက်ခဲ့ပုံ ဗိသုကာလက်ရာများကို လေ့လာခြင်းများလည်း များပြားလာ ကြောင်းသိရသည်။ ပုဂံဒေသသို့ဘုရားဖူးလာရောက်သူများသည် ဆုတောင်းပြည့် ပြည့်ငါးပြည့် တွင်ပါဝင်သော ရွှေဆံတော်စေတီရှိ ဆုတောင်း ပြည့်ဘုရား၊ တာမဏီသိမ်ကြောင်းရှိ ဆုတောင်းပြည့်ဘုရား၊ ဓမ္မရာဇကဘုရား တောင်ဘက်မုခ်နှင့်အရှေ့ဘက်မုခ်ရှိ ဆုတောင်းပြည့်ဘုရား၊ လောကနန္ဒာစွယ်တော်မြတ်စေတီရှိ ဆုတောင်းပြည့်ဘုရားတို့အား လာရောက်ဖူးမြော်ခြင်း၊ စွယ်တော်မြတ်စေတီများအားဖူးမြော်လို၍ လာရောက်ကြခြင်းများရှိကြောင်း၊ သမိုင်းအထင်ကရ ဘုရားများဖြစ်သည့်ရွှေ စည်းခုံစေတီ၊ မဟာငှက်ပစ်တောင်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလို မင်းလိုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊မဟာဗောဓိဘုရား၊ ရွှေဆံတော်ဘုရား၊ ကန်တော့ ပလ္လင် ဘုရား၊ အာနန္ဒာဘုရား၊သဗ္ဗညုဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီနှင့်မနုဟာဘုရားများသည် သာမန်ရက်များတွင်ပင် ဘုရားဖူးလာ ရောက်သူ ပုံမှန်များပြားလျက်ရှိကြောင်း သိရသည်။ ဘုရားဖူးလာရောက်သူများသည် ပုဂံဒေသသို့ ဓာတ်ပုံအလှပုံရိုက်ကူးဖို့လာရောက်ကြခြင်း၊ ခရီးသွားမှတ်တမ်းဗီဒီယိုရိုက်ကူးလို၍ လာရောက်ကြခြင်း များရှိသလို ကိုယ်တိုင်ကိုယ်ကျ ဆွမ်းပန်း၊ဆီမီး၊ ရေချမ်းကပ် လှူလို၍လာရောက်ကြခြင်းများ လည်းရှိကြောင်းသိရသည်။

ပုဂံဒေသသို့ ဘုရားဖူးများလာရောက်လည်ပတ်မှုများလာခြင်းနှင့်အတူ မီနီအိုးဝေ အငှားလိုက်သူများ၊ မြင်းလှည်းအငှားလိုက်သူများ၊ အီးဗိုက်အငှားလိုက်သူများအဆင်ပြေနေကြကာ ဘုရား ပတ်ဝန်းကျင်နှင့်လမ်းဘေးဝဲယာတို့တွင် ရောင်းချလျက်ရှိသည့် ထမင်းဆိုင်များလည်း ဘုရားဖူး များဝင်ရောက်စာသူများခြင်းကြောင့် အဆင်ပြေလျက်ရှိကာ၊ လက်အလှပန်းချီဆွဲသူများလည်း ဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း