ပင်လောင်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု၊ ပင်စုံကျေးရွာ အ.မ.က ကျောင်းနှင့် သပြေကုန်း ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာ အ.လ.ကကျောင်းတို့၏ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးညီညီမင်းနှင့် မြို့နယ်ပညာရေးမှူး ဦးတင်ငွေ အမှာစကားပြောကြားကြပြီး၊ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) အမှုဆောင် ဒါရိုက်တာ ဦးတင်လေး နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)နှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့) အမှုဆောင်ဒါရိုက်တာနှင့် ပင်စုံကျေးရွာ၊ ဧဒင်ကျေးရွာများမှ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သည့် စာရွက်စာတန်းများ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံပေးခဲ့ပြီး၊ နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ လူထုဖွံ့ဖြိုးရေးကော်မတီထံသို့ ဖွံ့ဖြိုးရေးရန်ပုံငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ဧဒင်ကျေးရွာ အ.လ.က ကျောင်း ကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ တစ်ထပ်ဆောင်၊ အလူဇင့် အမိုး၊ အုတ်ကာ၊ အင်္ဂတေခင်း စုစုပေါင်းငွေကျပ် (၉၈,၃၃၉,၀၉၀) ကုန်ကျပြီး၊ ပင်စုံကျေးရွာ အ.မ.ကကျောင်း ကျောင်းဆောင်သစ်သည် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ RC တစ်ထပ်ဆောင်၊ အလူဇင့် အမိုး၊ အုတ်ကာ၊ အင်္ဂတေခင်း စုစုပေါင်းငွေကျပ် (၁၀၃,၄၉၉,၄၇၉) ကုန်ကျဆောက်လုပ်ခဲ့ကြောင်း၊ ပင်လောင်းမြို့နယ်တွင် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ ကျေးရွာပြည်သူလူထုများနှင့် ပူးပေါင်းဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်ပေါင်း (၂၃) ကျောင်း၊ Mini စီမံကိန်းကျောင်း(၇)ကျောင်း စုစုပေါင်း (၃၁) ကျောင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်