မြင်းခြံ ဇူလိုင် ၂၁
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း "စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်က မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းသန်းအောင်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်အေးနှင့် ဦးဌေးစိုး၊ တက်ရောက်လာသော အထက-ခွဲ(အလင်းရောင်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက လူငယ်နှင့်စူးစမ်းစိတ်၊ ပညာရေးအစ စာအုပ်များဖြင့် အစပြုပါ၊ အဲဒီကောင်လေး မရှိတော့ဘူး၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်၊ တာဝန်-လိပ်ပြာသန့်မှု၊ မှားမှာကို မကြောက်ပါနဲ့၊ အမြင်တွေနဲ့ တည်ဆောက်ခြင်း၊ လူမျိုးမြင့်ဖို့ စာဖတ်စို့၊ မုန်လာဥဝါ၊ ကြက်ဥ ကော်ဖီနဲ့အမြင် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သုတ/ရသ စာအုပ်/စာစောင်များ ပြသထားရာ တက်ရောက် လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)