သုံးခွ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းသား လူငယ်လူရွယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/ သူ လူငယ်များ ပေါ်ထွန်းလာစေရန်၊ အသိပညာ အတတ်ပညာ ပြည့်စုံကြွယ်၀လာစေရန်၊ မှတ်ဉာဏ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (မြို့မ )ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက "လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် ကျောင်းသား/ သူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတပိုမိုရရှိစေရန်၊ အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား/ သူတွေ အသိပညာ အတတ်ပညာ စတဲ့အရည်အချင်းတွေနဲ့ ပြည့်စုံပြီး ထူးချွန်တဲ့လူငယ်တွေ ပေါ်ထွန်းလာစေဖို့ဆိုရင် ယခုအချိန်ငယ်စဉ်ထဲက စာဖတ်တဲ့အလေ့အကျင့်ကို ကျင့်သုံးရမှာဖြစ်ပါကြောင်း၊ဒါ့အပြင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်နှင့်ပြည့်စုံတဲ့ လူငယ်တွေဖြစ်မှသာ တိုင်းပြည်ရဲ့နိုင်ငံ့တာ၀န်တွေကို ပခုံးပြောင်းတာ၀န်ထမ်းဆောင်စေဖို့အတွက်ဆိုရင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရမဲ့ စာအားလုံးကိုဖတ်ရမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က ကုန်ညွှန်းအမှတ်အသားမပါရှိသည့် အစားအစာများ၊ FDA၏ ထောက်ခံချက်မရှိဘဲ အများပြည်သူများ သုံးစွဲရန်မသင့်သော အစားအစားများ၊ ဓာတုဆေးဝါးများဖြင့် ပြုလုပ်ထားသော အစားအစာများကို မစားသုံးရန်ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးခုပ်စွမ်းခိုင်က အားကစားဆိုတာ အင်အားနှင့်ဉာဏ်ရည်ကိုအသုံးချပြီး ယှဉ်ပြိုင်လှုပ်ရှားမှုဖြစ်ပါကြောင်း၊ အားကစားလေးမျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ အားကစားဆောင်ရွက်ခြင်းဖြင့် ခန္ဒာကိုယ် ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြတ်ခြင်း၊ စိတ်ရွှင်လန်းးခြင်းများဖြစ်ပေါ်စေနိုင်ပါကြောင်း၊ မိတ်ဆွှေအပေါင်းအသင်းကောင်းများရရှိစေနိုင်ခြင်း၊ အားကစားစိတ်ဓာတ်မှ လူကြီး လူကောင်းစိတ်ပြည့်၀စေခြင်း၊ အခက်အခဲပြဿနာကို ရင်ဆိုင်ကျော်လွှားနိုင်သော သတ္တိဖြစ်ပေါ်စေခြင်း၊ထိုးထွင်း ဉာဏ်ရရှိစေခြင်း၊ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်များ ကိန်းအောင်းလာစေခြင်းနှင့် အားကစားဖြင့် နိုင်ငံဂုဏ်မြှင့်တင်နိုင်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သော လူမျိုးဖြစ်စေနိုင်ပါကြောင်း၊ သို့မှသာနိုင်ငံတော်ကို အပြည့်အ၀ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်နှင့်အားကစားယှဉ်တွဲ၍ တိုးတက်အောင် ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်တစ်ရပ်ကို ထူထောင်သွားနိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ် သုတ၊ရသစာအုပ်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရူ့ခဲ့ကြသည်။
စည်သူလင်း (ပြန်/ ဆက်)