ညောင်ဦး ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရားအတွင်းရှိ အေဒီ ၁၂ ရာစုအစောပိုင်းပိုင်းက ရေးဆွဲထားခဲ့သည့် နံရံဆေးရေး ပန်းချီများနှင့် ဗိသုကာလက်ရာများကိုလေ့လာနိုင်ကြောင်းသိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဂူပြောက်ငယ်ဘုရားသည် အာရုံခံအရှေ့ဘက်ဂူဘုရား တစ်ဆူဖြစ်ပြီးရေးဆွဲထားသောနံရံပန်းချီလက်ရာများနှင့်ဗိသုကာလက်ရာအထောက်အထားများအရ အေဒီ (၁၂)ရာစုအစောပိုင်းကတည်ဆောက်ခဲ့သည်ဟုပညာရှင်များက ခန့်မှန်းထားကြောင်း သိရသည်။ ယခင်ကအာရုံခံမုခ်အတွင်းတွင် ငါးရာ့ငါးဆယ်ဇာတ်ကွက်များရေဆွဲထားခဲ့ပြီး ဗုဒ္ဓဝင် နံရံဆေးရေးရုပ်ပွားတော်များကို ယနေ့တိုင်တည်ရှိနေသေးပြီး ဘုရားဆောင်အခန်း၊ အပြင်လိုဏ် ပတ်လမ်းနှင့်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များထားရှိရာ မုခ်ကပ်ချိုင့်များပါရှိသည်။ ဘီးလူးပန်းဆွဲ အစရှိသော အင်္ဂတေပန်းလက်ရာများမှာ ထူးခြားကောင်းမွန်လှပြီး အပေါ်ပစ္စယာ အဆင့်ဆင့်တို့ တွင် ထောင့်စိုက်စေတီရံများပါရှိပြီးကွန်း တောင်တည်ဆောက်ပုံမှာ ထူးခြားကောင်းမွန်ကြောင်း တွေ့ရှိနိုင်ပြီး ဂူပြောက်ငယ်ဘုရား တွင်ရေးဆွဲထားသော နံရံပန်းချီလက်ရာများနှင့် ဘုရားတည်ဆောက်ပုံ ဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။
ဂူပြောက်ငယ်ဘုရား၏အရှေ့ဘက်တွင် ဂူပြောက်ကြီးဘုရား(ဝက်ကြီးအင်း)၊ တောင်ဘက်တွင် ဆူးလေးကုန်းဘုရားအစုဝေး၊ ရှင်ဘို့မယ်အုတ်ကျောင်းတိုက်၊ အနောက်ဘက်တွင် အလိုတော်ပြည့်ဘုရား၊ သံဗုဒ္ဓေဘုရား၊ ထီးလိုမင်းလိုဘုရား၊ ရွှေလိပ်တူးဘုရားနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၊သာသနိကအဆောက်အအုံများကိုလေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း