မိုင်းဖြတ်မြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းဖြတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်သည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် လူငယ်တို့အတွက် အတွေးစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များအနေဖြင့် စာပေများကို လေ့လာဖတ်ရှုနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမျိုးတင့်က စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စာဖတ်သူသည် အများထက် ပိုမိုသာလွန် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ မိုးပန်းမွန်(ရာမည)ရေးသားထားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် လူငယ်တို့အတွက် အတွေးစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုင်းလောင်ခေးက တန်းဖိုးရှိသောလူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်မြတ်မိုးက လူငယ်နှင့် အချိန်၏တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မျိုးသီရိဦးက ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား တန်းဖိုးရှိသောလူ၏ အဓိပ္ပာယ်နှင့်ဆိုလိုချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ   ကျောင်းသား၊ ကျောင်းသူများ မိမိတို့ သိရှိနားလည်မှုများအပေါ် ဖြေကြားပေးခဲ့ရာ ဦးစိုင်းလောင်းခေးက ဥပမာ၊ သာဓကများနှင့်တကွ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)