သန်လျင် အောက်တိုဘာ ၁၃
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများက ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၃၈၆၇ ဦးအတွက် မဲရုံ ၂၂၉ ရုံ၊ကျောက်တန်းမြို့နယ်တွင်မဲဆန္ဒရှင်ပြည်သူ ၁၂၉၅၀၆ အတွက် မဲရုံ ၁၉၂ ရုံ၊ သုံးခွမြို့နယ်တွင် ပြည်သူ ၁၂၄၀၉၉ အတွက်မဲရုံ ၁၇၅ ရုံ၊ခရမ်းမြို့နယ်တွင်ပြည်သူ ၁၂၆၈၅၆ ဦးအတွက်မဲရုံ ၂၀၄ ရုံ၊တွံတေးမြို့နယ်တွင်ပြည်သူ ၁၇၂၃၁၅ ဦးအတွက်မဲရုံ ၃၈၄ ရုံ၊ ကော့မှူးမြို့နယ်တွင် ပြည်သူ ၉၇၂၅၅ ဦးအတွက်မဲရုံ ၁၆၁ ရုံ၊ကွမ်းခြံကုန်းမြို့နယ်တွင်ပြည်သူ ၈၈၅၅၈ ဦးအတွက်မဲရုံ ၁၈၀၊ ဒလမြို့နယ်တွင်ပြည်သူ ၁၂၇၉၄၈ ဦးအတွက်မဲရုံ ၁၈၂ ရုံ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်ပြည်သူ ၂၅၇၃၅ အတွက်မဲရုံ ၃၅ ရုံ၊ကိုကိုးကျွန်းမြို့နယ်တွင် ပြည်သူ ၁၃၇၇ ဦးအတွက်မဲရုံ ၂ ရုံစုစုပေါင်းမဲရုံ (၁၇၄၄)ရုံ စီစဉ်ထားရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိမြို့နယ် ၁၀ မြို့နယ်မှရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းများ ကြေငြာကပ်ထားလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)