ဇေယျာသီရိ ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုတွင် မိုးရာသီ စုပေါင်းသစ်ပင် ၂၀၀ စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ ဘောလုံးကွင်းဘေးပတ်လည်၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲသို့ ကျည်တောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၊ ကျေးရွာတာဝန်ခံများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက မြို့နယ် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကုက္ကိုပင် ၇၀၊ မဟောဂနီပင် ၇၀၊ ယင်းမာပင် ၆၀၊ စုစုပေါင်း အပင် ၂၀၀ စိုက်ပျိုးခဲ့သည်။ အလားတူ ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းရပ်ကွက်တွင် ၆၂ ပင်၊ သာယာကုန်းကျေးရွာအုပ်စုတွင် ၂၅ ပင်၊ သာစည်ကျေးရွာအုပ်စုတွင် ၆၀၀ ပင်၊ ခေတ်အေး ကျေးရွာအုပ်စုတွင် ၂၆၀ ပင်၊ သက်နှင့်အင်းကျေးရွာအုပ်စုတွင် ၃၅ ပင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)