မိုင်းရယ်မြို့တွင် ဇာမဏီကွန်ပေါင်းဓာတ်မြေဩဇာမှ တာဝန်ရှိသူများက တောင်သူနည်းပညာ ဖလှယ်ပွဲပြုလုပ်

မိုင်းရယ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ကိုင် ဆောင်ရွက်နေကြသည့် တောင်သူများ စိုက်ပျိုးနည်းပညာနှင့် မြေဩဇာအသုံးပြုမှု ဆိုင်ရာများကို နည်းစနစ်ကျစွာ လက်တွေ့အသုံးချ တတ်စေရန်ရည်ရွယ်၍ ဇာမဏီကွန်ပေါင်းဓာတ်မြေဩဇာမှ တာဝန်ရှိသူများက တောင်သူနည်း ပညာဖလှယ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်၊ ဇိနမာန်အောင်ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ပြုလုပ်သည်။

ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းစေရန်နှင့် အသိပညာပေးလုပ်ငန်းများကို ဌာနအနေဖြင့် ကွင်းဆင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဇာမဏီကွန်ပေါင်းဓာတ်မြေဩဇာကုမ္ပဏီမှ ရှမ်း(မြောက်)တာဝန်ခံ ဦးမျိုးထိုက်သူက တောင်သူများ သိသင့်သိထိုက်သည့် စိုက်ပျိုးရေးနည်းပညာ များနှင့် မြေဩဇာအသုံးပြုမှုဆိုင်ရာများကို အသိပညာပေး ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ တောင်သူနည်းပညာဖလှယ်ပွဲသို့ မိုင်းရယ်မြို့နှင့် ကျေးရွာများမှ တောင်သူစုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

မြို့နယ်ပြန်/ဆက်