သိန္နီမြို့‌၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

သိန္နီ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေး မထိုးနှံမီ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ထမ်း များက အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးကာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ကျောင်းသား၊ ကျောင်းသူများအား မိနစ် ၃၀ အနားယူစေ၍ ဆရာ၊ ဆရာမများက စာသင်ခန်းသို့ လိုက်ပို့ပေးခဲ့ကြသည်။     

အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေး​နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေး၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး၊ ဆရာ၊ ဆရာမများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)