တာလေမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေး အခမဲ့စက်ချုပ်သင်တန်း ဖွင့်လှစ်

တာလေ ဇူလိုင် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ တာချီလိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေး အခမဲ့စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တာလေမြို့၊ တာကြန့်စံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျိုကိုသက်က သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား (၁၀)ဦးကို ပထမအကြိမ် အခြေခံသင်တန်းကာလ (၃၀) ရက်နှင့် ဒုတိယအကြိမ် အဆင့်မြင့်သင်တန်းကာလ (၁၅)ရက် စုစုပေါင်း (၄၅)ရက် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသားများထဲမှ ထူးချွန်ပြီး အမှန်တစ်ကယ် လုပ်ငန်းထူထောင် လုပ်ကိုင်လိုသည့် သင်တန်းသား (၅)ဦးကို တစ်ဦးလျှင်‌ ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းထူထောင်ရေးနှင့် ရင်းနှီးချေးငွေရရှိရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဌာနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ကျေးရွာ (၁၅၅)ရွာ နှင့် ရှမ်းပြည်နယ်တွင် (၃၂)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ရွာလျှင် လုပ်ငန်းရှင် (၅)ဦးနှုန်းဖြင့် လုပ်ငန်းရှင် (၁၆၀)ဦး ပေါ်ထွက်လာရေး လုပ်ငန်းစဉ်(၁၂)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)