ချောင်းဆုံ ဇူလိုင် ၂၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုအမှတ်(၉)၊ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁း၀၀)နာရီက ကွမ်သဲ(အ.ထ.က) ကျောင်းခန်းမတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်စကားပြောပြီး မြို့နယ်(ပြန်/ဆက်)ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိသူဇာက အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုပြောကြားကာ မော်လမြိုင်ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု အမှတ်(၉)မှ ရဲအုပ်ချစ်ချစ်စိုးက လူကုန်ကူးမှုတားဆီးကာကွယ်နိုင်ရေးအတွက် သိထားရမည်အချက်များ ကြိုတင်ကာကွယ်ရမည့် အချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူ ကျောင်းသား/သူများမှ သိရှိလိုသည့်အချက်များကို ပြန်လည်ဖြေကြားခဲ့ပြီး နံရံကပ်စာစောင်များပြသခြင်းနှင့် မွန်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)