ရန်ကင်းမြို့နယ်၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကင်း   ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအနေနှင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်လာစေရန်၊  နုတ်မှုရေးရာစွမ်းဆောင်ရည်များမြင့်မားလာရန်၊ အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ရန်ကုန်အ​ရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က ကျပန်းစကားပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူ(၁၃)ဦးတို့က မူးယစ်ရန်စွယ်တို့ကာကွယ်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာရေးဖြင့်ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ ခေါင်းစဉ်များဖြင့်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက်ကျပန်းစကားပြောပြိုင်ပွဲဆုများ စိစစ်နေစဉ်သင်တန်းသား/သင်တန်းသူလေးများက တေးဂီတဖြင့် ဖျော်ဖြေခဲ့ကြပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု(၂)ဆုချီးမြှင့်ခဲ့ရာ ဆုရရှိခဲ့သည့် သင်တန်းသားသင်တန်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများနှင့်ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါကျပန်းစကားပြောပြိုင်ပွဲသို့ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၆၀၀)ဦးခန့် တက်ရောက်ကြပြီး ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်များကိုတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ ဆက်)