ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများပြုလုပ်‌ပေးပြီး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

သထုံ      ဇူလိုင်     ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ ဝါးတော၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလယ်တန်းအဆင့်စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ‌ကျောင်းသားများ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးပြီး အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားများက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများစသည့်အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကိုခင်းကျင်းပြသရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။

သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သထုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်များ လိုက်လံဖွင့်လှစ်ပေးခြင်း၊ နေ့ထူးရက်မြတ်များနှင့် အထိမ်းအမှတ်နေ့ရက်များအလိုက် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်