မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေး မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းနှင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မိတ္ထီလာ ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်  မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းနှင့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွမ်းမံရန်ပုံငွေ ကျပ် ၁၀.၁၆ သန်းဖြင့် ဖက်ကုန်းကျေးရွာအုပ်စု  ကူနီကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး အလျား ပေ ၃၀၀ ၊ အနံ ပေ ၁၀၀ ၊ အနက် ၃ပေရှိ မြေသားရေကန်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၉.၄၁သန်းဖြင့် မှရိုးကျေးရွာအုပ်စု  မှရိုးကျေးရွာတွင် အကျယ် ၄.၅လက်မ ၊ အနက်ပေ ၃၀၀ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ ၅၀၀၀ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ ၊ အနက် ၈ပေ ၊ အမြင့် ၈ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း များကို ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကျေးလက်ရေရရှိရေးလုပ်ငန်းများကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံး ရေ အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြေသားရေကန် တူးဖော်ပြုပြင်ခြင်း၊ စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)