တိုက်ကြီးခရိုင်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

တိုက်ကြီး     ဇူလိုင်     ၂၁

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်အတွင်းရှိ တိုက်ကြီး၊ ဉက္ကံနှင့် အဖျောက်မြို့များရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်အတွင်းရှိ ဈေးရပ်ကွက်၊ လောက်လေးချောင်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ တောင်ရပ်ဇီးကုန်းကျေးရွာ၊ ဆင်ခြံကျေးရွာ၊ မင်းလှဝကျေးရွာနှင့် အဖျောက် ၂ ရပ်ကွက်များရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဉီးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်သည်။

တိုက်ကြီးခရိုင်အတွင်းရှိ တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့နှင့် အဖျောက်မြို့များရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၂၄၈ ဉီးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဉီးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် သိန်းသုံးရာခုနှစ်ဆယ့် လေးသိန်းလေးသောင်းအား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန် / ဆက်)