ဂွမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ဂွ   ဇူလိုင်  ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ တဘိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ရွာမရပ်ကွက်အတွင်း  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတတ်သည့် ခြင်ကျားပေါက်ပွားမှုနှုန်းသည် အလွန်မြန်ဆန်သည့်အတွက် ကြိုတင်ကာကွယ်ခြင်းဖြစ်သည့် ပိုးလောက်လန်းများအား ဖုံး၊သွန်၊လဲ၊စစ်ခြင်းနှင့် အဘိတ်ဆေးခပ်နှိမ်နင်းခြင်း လုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်းပြီး ရွာမရပ်ကွက်အတွင်းနေအိမ်များရှိ ဘုရားညောင်ရေအိုးများ၊ ရေသိုလှောင် ထားသော ရေအိုးများ၊ ရေပုံးများ၊ ရေကန်များအား အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး အနီးပတ်ဝန်းကျင်တွင်ရှိသော ရေတင်ကျန်နိုင်သည့် ခွက်၊ တာယာ အဟောင်းများအား ခြင်ပေါက်ပွားခိုအောင်းမှု မရှိစေရန် သက်ဆိုင်ရာနေအိမ်ရှိ ပြည်သူများနှင့်တူ ပူးပေါင်း ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

ရွှေရည်ဝင်းကျော်