မုဒုံ ဇူလိုင် ၂၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဇူလိုင် ၁၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်တာဝန်ရှိသူများက ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မုဒုံမြို့နယ် မြို့မ (၄)ရပ်ကွက်ရှိ အောင်သိဒ္ဓိဘုန်းကြီးကျောင်းနှင့် အ.မ.က (မုဒုံဦး) စာသင်ကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ပြည်သူများအားတွေ့ဆုံ၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးရန်အတွက် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်ဖြစ်သဖြင့် ဒေသခံအားလုံး၏ စုပေါင်းအင်အားနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားပါက ထိခိုက်ဆုံးရှုံး မဖြစ်အောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကလည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းနှင့်ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ယာယီပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု ( ၅၆ )စု လူဦးရေ ( ၂၂၇ ) ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၄၇၆၇၀၀ အား ပေးအပ်ခဲ့သည်။ ဆက်လက်၍ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ရေဝင်ရောက်နေသည့် ရပ်ကွက်များအတွင်းသို့ လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနှုတ်မြောင်းများ စနစ်တကျဖောက်လုပ်စေရေး အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ ဆက်)