မော်လမြိုင်၊ ဇူလိုင် ၂၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နေ့လယ်ပိုင်းက မုဒုံမြို့၊ အသောကာရာမ ပရိယတ္တိစာသင်တိုက်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇ ဓမ္မာစရိယ ဝိနယ ပါဠိပါရဂူ အသောကာရာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင်မင်္ဂလာဘိဝံသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အသောကာရာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင်မင်္ဂလာဘိဝံသမှ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ကျောက်မျက်ရတနာ (၃၅)မျိုးအတွက် သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဌာနက ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆက်ကပ်ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေနိမ့်ပိုင်းနေရာတို့၌ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်၍ မုဒုံမြို့မ (၄) ရပ်ကွက် အောင်သိဒ္ဓိကျောင်းတိုက်တွင် ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိသည့် ပြည်သူများအား တွေဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးရန်အတွက် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်သဖြင့် အားလုံးက စုပေါင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ထိခိုက်ဆုံးရှုံး မဖြစ်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကလည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ကြစေလိုကြောင်း၊ ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အောင်သိဒ္ဓိဘုန်းကြီး ကျောင်း ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၄၂)စု လူဦးရေပေါင်း(၁၈၄)ဦးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဉ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူကြသည်။
ဆက်လက်၍ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ရေဝင်ရောက်နေသော ရပ်ကွက်များအတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနှုတ်မြောင်းများ စနစ်တကျ ဖောက်လုပ်စေရေး အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ အခက်အခဲရှိပါက တင်ပြကြရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဘဲရမ်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း (မုဒုံဦး)သို့ သွားရောက်ကာ ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိသည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေဆုံ၍ အားပေးစကားပြောကြားကာ အိမ်ထောင်စု(၁၄)စု၊ လူဦးရေပေါင်း(၄၃)ဦးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ ၊ ကြက်ဉ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်ရှိ ဓမ္မကာရီ ဓမ္မာရုံ၊ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေဆုံ၍ အားပေးစကားပြောကြားကာ အိမ်ထောင်စု(၆၄)စု ၊လူဦးရေပေါင်း (၂၃၈)ဦးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ ၊ ကြက်ဉ၊ ခေါက်ဆွဲခြောက်၊ နှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ ဝေငှပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်အတွင်း မိုးသည်း ထန်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေနိမ့်ပိုင်းနေရာတို့၌ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ အဓိကအားဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ပိတ်ဆို့မှုမရှိအောင် အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ပြည်သူများပူးပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုပြုရန်လိုပြီး ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများမဖြစ်ပွားအောင် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ကြိုတင် ကာကွယ်ထားရန်လိုကြောင်းပြောကြားသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် သီရိမင်္ဂလာရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားသော လူနေအိမ်များသို့ အိမ်တိုင်ရာရောက် စားသောက်ဖွယ်ရာများကို ပေးအပ်ဝေငှခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်အတွင်း မိုးသည်းထန် ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော မြေနိမ့်ပိုင်း ရပ်ကွက်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)