မြစ်သားမြို့နယ် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

မြစ်သား ဇူလိုင်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောက်ဆည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်   ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက လူငယ်များသည် အနာဂတ်ခေါင်းဆောင်များဖြစ်ရာ ကျန်းမာကြံ့ခိုင်သော     စိတ်ဓာတ်ကောင်းမွန်သော ၊စည်းကမ်းကောင်းမွန်သော လူငယ်များ ဖြစ်စေရန် ပညာရေးအတွက် အားကစားသည် ပဓာနကျသော လိုအပ်ချက်ဖြစ်ရာ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ကြရန် ‌ဟောပြောပြီး မေးခွန်း(၁၀) ခုဖြင့် မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကြီးပွားရေးစသည့် ခေါင်းစဥ်များဖြင့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောက်ဆည်ခရိုင် လက်ရွေးစင် Fitness Dances အားကစားသမား များမှ တေးသီချင်း(၂)ပုဒ်ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ     ဦးကျော်ဟန်စိုးက လူငယ်နှင့်အားကစား ပြုလုပ်ခြင်းဖြင့်ရရှိလာသော အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။ ထို့နောက် ကျောက်ဆည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ထူးက ကူမဲ(အ.ထ.က) ကျောင်းအတွက် အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်ထံ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လူငယ်‌ရေးရာ အသိပညာပေး ဟောပြောပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အဆင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြို့နယ်အဆင့်ဝန်ထမ်းများ ကူမဲ (အ.ထ.က) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ပြီး လူငယ်ရေးရာ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသော  သုတ/ရသစာအုပ်များနှင့်  အသိပညာပေး နံရံကပ်စာစောင်များကို  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)