သံတွဲမြို့၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သံတွဲ ဇူလိုင် ၂၁

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝန်းပြင်ပ လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.(ခွဲ)မြို့မကျောင်း ပန်းသဇင်ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားပြီး  သံတွဲခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းထွန်းက သံကောင်၊ တုပ်ကောင်ရောဂါအကြောင်းသိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အကြောင်းတို့ကို ပြောကြားသည်။ 

ဆက်လက်၍ အမှတ်(၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(သံတွဲ)ရုံးမှ ဒုရဲမှူး ဉာဏ်မင်းကိုကို က ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်းများ၊ လမ်းဖြတ်ကူးသွားလာနေသည့် ပြည်သူများ လိုက်ရမည့်လမ်းစည်းကမ်းများ၊ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ မြို့တွင်းလမ်းမများတွင် သတ်မှတ်ထားရှိသည့် သင်္ကေတအမှတ်အသားများအဓိပ္ပာယ်များ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Video Fileများအား ဟောပြောခဲ့ပြီး Projector ဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)