မြန်မာ့တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး

ကျောက်ပန်းတောင်း ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများသည်၊ မြန်မာ့တိုင်းရင်းဆေးဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိရာ၊ ယမန်နေ့ မွန်းလွဲ(၁)နာရီမှ (၃)နာရီအထိ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်ရှိ သဒ္ဓမနန္ဒီ သီလရှင် ကျောင်းတိုက်တွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ရှေ့ဦးစွာ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးက သီလရှင်ဆရာကြီး/ဆရာလေးများနှင့် ကျောင်းတိုက်နေ လူပုဂ္ဂိုလ် အမျိုးသမီးများအား၊ ရောဂါကြီး ၆ မျိုးဖြစ်သည့် သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊ ဝမ်းပျက်/ဝမ်းလျောရောဂါနှင့်  ဝမ်းကိုက်ရောဂါ များ ဖြစ်ပွားတတ်သည့် အလေ့အထနှင့် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားနေမှု အခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောသည်။ ယင်းနောက် ခရိုင်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက သီလရှင် ဆရာကြီး/ဆရာလေးများနှင့် အမျိုးသမီး စုစုပေါင်း  (၂၂) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရာသို့ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး၊ ဒုတိယ တိုင်းရင်း ဆေးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများ၊ သဒ္ဓမနန္ဒီ သီလရှင် ကျောင်းတိုက်မှ သီလရှင် ဆရာကြီး/ဆရာလေးများနှင့် ကျောင်းတိုက်နေ လူပုဂ္ဂိုလ် အမျိုးသမီးများ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)