နေပြည်တော် ဇူလိုင် ၂၁
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင် များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖွံဖြိုးတိုးတက်မှ ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွား မြင့်မားလာမှာဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ထုတ်လုပ်မှုမြင့်မားရေးနှင့် အရည်အသွေးကောင်း ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ သမရိုးကျနည်းထက် ဆန်းသစ်တီထွင်နည်းစနစ်များဖြင့် စိုက်ပျိုးမွေးမြူများကို လုပ်ဆောင်ပြီး စားရေရိက္ခာဖူလုံရေးနှင့် ဝမ်းစာပြည့်မီရေးအတွက် ဆောင်ရွက်သည့်အပြင် ပြည်ပဝင်ငွေများရရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးကဏ္ဍကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာ တစ်ပိုင်တစ်နိုင် မွေးမြူရေးနှင့်စီးပွားဖြစ် မွေးမြူရေးများကို ယခုထက်ပိုမိုတိုးချဲ့ မွေးမြူလာနိုင်ရေးဆောင်ရွက် စေလိုကြောင်းပြောကြားသည်။
ထို့နောက် လယ်ဝေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်သိန်းက ခရိုင်အတွင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)