မတ္တရာမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

မတ္တရာ၊ အောက်တိုဘာ ၁၃

ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ စစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို စစ်ဆေးပြီး ဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ RDT Test Kit ဖြင့် ကိုဗစ်၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးရာတွင် မတ္တရာမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ရေးဌာနစုံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ယာဉ်များအားစစ်ဆေးရာတွင် မန္တလေး တိုင်းဒေသကြီးအခြေပြုမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဘက်သို့သွားရောက်မည့် ကုန်တင်ယာဉ်များ၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ် မြို့နယ်တို့မှ မန္တလေးတိုင်းဒေသကြီးသို့ ဖြတ်သန်း၍ အခြားမြို့နယ်များသို့ သွားရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား တစ်ဦးလျှင် စစ်ဆေးခ ကျပ်(၁၀၀၀၀)နှုန်းဖြင့် ကိုဗစ်၁၉ ရောဂါရှိ/မရှိစစ်ဆေးပေးပြီး ပိုးမတွေ့ရှိသူများကို (swab Negative) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာများထုတ်ပေး၍ ဖြတ်သန်းခွင့်ပြုခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား (swab Negative) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ ပါ/မပါ စစ်ဆေးပြီး ပါရှိသောယာဉ်များအား ဖြတ်သန်းခွင့်ပေးပြီး၊  ထောက်ခံစာမပါရှိသော ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။
အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကုန်တင်ယာဉ် (၆၆) စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၆) ဦးအား  စစ်ဆေးပေးနိုင်ခဲ့ပြီး ယာဉ် (၅၁၂) စီးမှ (၈၅၄) ဦးအား စစ်ဆေးခဲ့ရာ အဖြေအားလုံးမှာ ရောဂါပိုးမရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)