လားရှိုး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀) စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့၊ စိတ္တသုခဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် ဒေသခံပြည်သူတို့အား အထွေထွေရောဂါကု ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွား မီးယပ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကု ဆရာဝန်စသည့် အထူးကု ဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးဗိုလ်မှူးကြီး (စစ်ရေး)မှ ဗိုလ်မှူးကြီး သက်နိုင်ထွန်းနှင့် တိုင်းစစ်ဌာန ချုပ်မှအရာရှိများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ဟူးမွန်ကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၉)၊ တောရပရိယတ္တိစာသင်တိုက်နှင့် နတ်ရေကန်ကျောင်းတိုက်တို့တွင်လည်း ဒေသခံများ၏ ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆေးစစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)