လားရှိုးမြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းဈေးတွင် ဂါလံတစ်သောင်းဆံ့ မီးသတ်မြေအောက်ရေလှောင်ကန် တည်ဆောက်

လားရှိုး ဇူလိုင် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဂါလံတစ်သောင်းဆံ့ မီးသတ်မြေအောက်ရေလှောင်ကန် တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

“အရေးပေါ် မီးသတ်ရေလှောင်ကန်တည်ဆောက်နေတာပါ။ အခုရေလှောင်ကန်က မြေအောက် ရေလှောင်ကန် တည်ဆောက်နေတာပါ။ မြေပေါ်မှာတော့ နေရာအခက်အခဲရှိတော့ မြေအောက် ရေလှောင်ကန်အနေနဲ့ပဲ တည်ဆောက်တာပါ။ ကုန်စိမ်း၊ ကုန်ခြောက်ရုံဘက်မှဆိုရင်လည်း အရေးအကြောင်းဆိုရင် မီးသတ်ရေလှောင်ကန်က တစ်ကန်ပဲရှိတယ်။ ဒါကြောင့် ရေလှောင်ကန်နောက်ထပ်တစ်လုံး ဒီတစ်နှစ်မှာ ထပ်ဆောက်တာပါ” ဟု လားရှိုးမြို့မ ဈေးတာဝန်ခံ ဦးစိုင်းဝင်းမြင့်က ပြောသည်။

ရေလှောင်ကန်တည်ဆောက်နေစဉ် ကာလအတွင်း ကုန်စိမ်း၊ ကုန်ခြောက်ဈေးတန်းတွင် ဈေးရောင်းချနေသူအချို့ နေရာအခက်အခဲရှိနေသော်လည်း ရေလှောင်ကန်တည်ဆောက်ပြီးစီးသွားပါက ပုံမှန်အတိုင်း ပြန်လည်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေလှောင်ကန်တည်ဆောက်မှုမှာ ဇူလိုင်လကုန်ခန့်တွင် တည်ဆောက်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)