လားရှိုး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးမြို့မဈေးကြီးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသထွက် မက်မန်းသီးအစိမ်းများ ရောင်းအား ကောင်းလျက် ရှိနေကြောင်း သိရသည်။ ရောင်းအားကောင်းလျက်ရှိသော မက်မန်းသီးအစိမ်းမျိုးမှာ အချဉ်ဓါတ်ပါဝင်မှုနည်းပြီး ချိုသော အရသာရှိသောကြောင့် ရောင်းကောင်း ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“ဒီမက်မန်းသီးက ရှမ်းပြည်နယ်(တောင်ပိုင်း) ဘက်ကနေ ထွက်တဲ့ မက်မန်းသီးပါ။ ဈေးလည်းကောင်းတယ်။ အခုက ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသမှာ နာမည်ကြီး ကွတ်ခိုင်မက်မန်းသီးက သိပ်မထွက်တော့ဘူး။ အသီးက ကုန်လုနီးနီးဖြစ်နေတော့ ဝယ်ရခက်တယ်။ ဒီတော့ တောင်ပိုင်းက မက်မန်းသီးကို ဝယ်ပြီးမှ ရောင်းတယ်။ အသီးရဲ့အရောင်က အစိမ်းရောင်ဖြစ်ပေမယ့် အရသာကတော့ ချိုတယ်။” ဟု လားရှိုးမြို့မဈေးကြီးအတွင်း မက်မန်းသီးရောင်းချသူ တစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ထွက် မက်မန်းသီးအစိမ်းမျိုးသည် လားရှိုးမြို့တွင် တစ်ပိဿာလျှင် တစ်သောင်းကျပ်ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)