မြောက်ဦး ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်၊ အောင်တပ်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်နိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကျော်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်မင်းမင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်ပြီး အဆိုပါ ရပ်ကွက်များရှိ လူနေအိမ်များနှင့် အနီးပတ်ဝန်းကျင်တွင်ရှိသော တာယာအဟောင်းများနှင့် ရေဆိုးများ၊ ရေအိုင်များကို ခြင်ပေါက်ပွားခိုအောင်းမှု မရှိစေရန် ရှင်းလင်းခြင်း၊ ရေသိုလှောင် ထားသော ရေအိုးများ၊ ရေပုံးများ၊ အုတ်ရေကန်များကို အဘိတ်ဆေးခပ်ခြင်းစသော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
ဖြိုးမောင်မောင် (မြောက်ဦး)