လားရှိုး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း၌ ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ နေပူခြင်းများကြောင့် တောင်ပေါ်ဒေသများ၊ တောင်ယာစိုက်ခင်းများတွင် သဘာဝအလျောက် ပေါက်ရောက်သည့် မှိုများ ထွက်ရှိမှုများလာကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းတွင် သဘာဝအလျောက် ပေါက်ရောက်သည့် မှိုအမျိုးအစားများမှာ တောင်ပို့မှို၊ ငှက်စွပ်မှို၊ အင်ဥမှို၊ မှိုနီများ ပေါက်ရောက်လေ့ရှိပြီး ကျေးလက်တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည့် တောင်ယာစိုက်ပျိုးသူများ အများစုမှာ မှိုရှာထွက်ကာ ရရှိလာသည့် မှိုများကို မြို့တက်၍ ရောင်းချကြလေ့ရှိကြောင်း သိရသည်။
“အခုတလောက မိုးရွာလိုက်၊ နေပူလိုက်ဖြစ်တော့ မှိုထွက်နှုန်းများလာတယ်။ မှိုထွက်တာများပေမယ့် ဈေးကတော့ မကျဘူး။ တရုတ်လူမျိုးတွေက မှိုတွေကို ဈေးကြီးပေးဝယ်လေ့ရှိတယ်။ သူတို့က မှိုကို အခြောက်ကြော်ပြီး ပုလင်းထဲထည့်၊ ဆီနဲ့စိမ်ထားတာ။ အချိန်အတော်ကြာ အထားခံတယ်။ တချို့က မှိုကို ကန်စွန်းရွက်နဲ့ရောကြော်ပြီး စားသုံးကြတယ်” ဟု မှိုရောင်းချသူတစ်ဦးက ဆိုသည်။
လားရှိုးမြို့တွင် တောင်ပို့မှိုတစ်စီးလျှင် သုံးထောင်ကျပ်ထိ ဈေးရှိပြီး အခြားမှိုများမှာလည်း ဈေးကောင်းရရှိကြောင်း သိရသည်။
မှိုစားသုံးသူများအနေဖြင့်လည်း ၎င်းနှင့်မတည့်သည့် ဒညင်းသီး၊ ကြက်ဟင်းခါးသီး၊ နွားနို့၊ လယ်ဂဏန်း၊ ဖားသား၊ ယုန်သားတို့နှင့် တွဲဖက်စားသုံးပါက အသက်သေဆုံးခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ အကြောတက်ခြင်းများဖြစ်တတ်ကြောင်းလည်း လေ့လာမှတ်သားရသည်။
စိုင်းထွန်း (လားရှိုး)