ကျောက်တလုံးကြီး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးနှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အ.ထ.က ကျောက်တလုံးကြီး ဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က ကျောက်တလုံးကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က အမှာစကားပြောကြားပြီး ကျောက်တလုံးကြီးမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာဉမ္မာဦးက သွေးလွန်တုပ်ကွေးရောဂါသည် ငှက်ဖျားပိုးသယ်ဆောင်ထားသော အနောဖလီခြင်ကိုက်ခြင်းမှ ဖြစ်ပွားကြောင်း၊ သွေးလွန်တုပ်ကွေး သယ်ဆောင်ထားသော ခြင်ကိုက်ခြင်းခံရသည့် ၄ ရက်မှ ၁၃ ရက်အကြာတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များသည့် ရောဂါဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါတွင် အဆင့်(၃)ဆင့်ရှိကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ခန္ဓာကိုယ်တွင် သွေးယိုစီးသော လက္ခဏာများဖြစ်ပေါ်နိုင်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် နည်းလမ်းများအနေဖြင့် ခြင်မပေါက်ဖွားအောင် ကာကွယ်ရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အတိုကောက်များဖြစ်သည့် (ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ မြုပ်၊ ရှင်း၊ ထည့်) ဟူသည့် နည်းလမ်းများနှင့် မိမိတို့ကျောင်းတွင် လုပ်ဆောင်ရမည့် ရောဂါကာကွယ်ရန် အချက်များကို ရှင်းပြခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား ပိုမိုသိရှိနားလည်ရန် မေးခွန်းများမေး၍ ဖြေဆိုခြင်းများပြုလုပ်ရာ စိတ်ဝင်တစား ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ကျောက်တလုံးကြီးမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာဉမ္မာဦးက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အ.ထ.က ကျောက်တလုံးကြီးမှ ကျောင်းသား/ကျောင်းသူ (၃၅၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
ကေသီ (ပြန်/ဆက် )