စစ်တွေ ဇူလိုင် ၂၁
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ပျားလယ်ချောင်းကျေးရွာ၌ ကောက်စိုက်စက်၊ မျိုးစေ့ချကရိယာဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိနေမှုနှင့် ဖြန့်ခွဲနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ပျားလယ်ချောင်းကျေးရွာ၌စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်၊ မျိုးစေ့ချကရိယာဖြင့် မိုးစပါး စိုက်ပျိုးသရုပ်ပြပွဲသို့ တက်ရောက်ကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စစ်တွေမြို့နယ်အတွင်း မိုးစပါး ထွန်ယက်စိုက်ပျိုးပြီးစီးနေမှု အခြေအနေများနှင့် ဆက်လက်စိုက်ပျိုးနေမှု အခြေအနေများ၊ မိုခါမုန်တိုင်းသင့် ဒေသများသို့မျိုးစပါးများဖြန့်ဖြူးထားရှိမှုအခြေအနေများ၊ စိုက်ပျိုးနည်းစနစ်အလိုက် တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု၊ မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုတို့ကို တက်ရောက်လာကြသော တောင်သူများနှင့်အတူ ကြည့်ရှုအားပေးကြပြီး တောင်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က မိုခါမုန်တိုင်းသင့် တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးထားမှု၊ လယ်ထွန်စက်များဖြင့် ထွန်ယက်ပေးနေမှုနှင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ကောက်စိုက်စက်၊ မျိုးစေ့ချကရိယာများ၏ စိုက်ပျိုးနိုင်မှုအခြေအနေ၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ ပျိုးထောင်ရက်အလိုက် ပျိုးပင်များ ကြီးထွားဖြစ်ထွန်းနေမှုတို့အား တောင်သူများနှင့်အတူ ကြည့်ရှုလေ့လာကြရာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ရှင်းလင်းပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သူများအား စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး MV- WERU PACK KHA နှင့် ပြည်တော်အေး(၃) သင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများကို လူအင်အားစက်ယန္တရား အင်အားများ အသုံးပြုကာ ဘေးသင့် ဒေသများသို့ ဖြန့်ခွဲပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့်ဌနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိုခါမုန်တိုင်းအလွန်ကာလတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြသည့်အတွက် မိမိတို့ပင်မရုံးလုပ်ငန်းများကို လုပ်ဆောင်ကြရသကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ကြသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ပင်မရုံးလုပ်ငန်းများကို ယခင်ကထက်ပိုမို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲက ယခင်အခြေ အနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာ ဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ အမိုးအကာအောက်ရောက်ရှိရေးနှင့် ပညာသင်ကြားရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး လစ်ဟင်းမှု မရှိစေရေး စသည်တို့ကို မှာကြားခဲ့ကြောင်း၊ ထိုသို့ မှာကြားချက်များအပေါ် အကောင်အထည်ဖော်ရန် ပြည်နယ်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကိုယ်တိုင် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ပြည်နယ်၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ဒုတိယဝန်ကြီးများ ကိုယ်တိုင်အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မြို့နယ်အလိုက်လည်း တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရာ နေရာဒေသတွင် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် ပြည်သူကို အလုပ်အကျွေးပြုရမည့်သူများဖြစ်သည့်အတွက် နေ့စဉ်လုပ်ဆောင်နေသော လုပ်ငန်းများသည် ပြည်သူကို အကျိုးပြုသည့်လုပ်ငန်းများ ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသအတွက် အကျိုးရှိအောင် လုပ်ဆောင်နေကြသူများဖြစ်သည့်အတွက် စေတနာထား လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ဒေသခံ ပြည်သူများသည် ရုံးဌာနများသို့သွားရောက် ရန်အခက်အခဲများရှိသည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများက ကွင်းဆင်း၍ ပြည်သူနှင့်ထိတွေ့ကာ လိုအပ်ချက်များကို ပူးပေါင်းဆောင် ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ လက်အောက်တွင်ရှိသော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများကို ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်မှသာလျင် ဖွံ့ဖြိုးတိုးရေးလုပ်ဆောင်ရန်အတွက် ကိန်းကဏန်းအချက်အလက်များကို ရရှိမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါတွင် စိုက်ပျိုးရာသီဖြစ်သည့်အတွက် အချိန်မီ ထွန်ယက်စိုက် ပျိုးပြီးစီးနိုင်ရေးကို တွန်းအားပေးဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်နေသော ပြည်နယ်ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ ပံ့ပိုးပေးရမည် ကိစ္စရပ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ မိုခါမုန်တိုင်းမတိုက်ခတ်မီကာလက လုပ်ဆောင်ဆဲ လုပ်ငန်းများကိုလည်း ယခုအချိန်တွင်အပြီးသတ်လုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းကြောင့် ပြိုလဲသွားသည့် သစ်ပင်များနေရာတွင် အစားထိုး သစ်ပင်များစိုက်ပျိုးခြင်း၊ ရုံးဌာနပတ်ဝန်းကျင်းများ၊ ဝန်ထမ်းအိမ်ရာများတွင် အုန်းပင်များ၊ အရိပ်ရပင်များ၊ လေကာပင်များ စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမည့်အစီအမံများကိုလည်း တင်ပြကြစေလိုကြောင်း၊ စိုက်ပျိုးရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေပေးထားကာ ထွန်ယက်စိုက်ပျိုးနေကြပြီဖြစ်သည့်အတွက် စနစ်တကျပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်းနည်းများဖြင့် စိုက်ပျိုးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ယခင်ထက်အထွက်နှုန်း ကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြကြရန်ပြောကြားသည်။
ထို့နောက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အထွေထွေ ပိုလျှံရန်ပုံငွေ(GRF)မှ မိုခါဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (GRF)သို့ အပ်နှံခြင်းနှင့် (GRF)မှ ပြန်လည်တောင်းခံခြင်း လုပ်ငန်းအခြေအနေများကိုတင်ပြသည်။ ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ ဌာနအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ရုံးဌာနများပြန်လည် လည်ပတ် ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ အဆိုပါ အစည်းအဝေးခန်းမ၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီ အမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)