တာလေမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တာလေ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍  ယမန်နေ့ နေ့လယ် ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်း၏ “အားနေသောလက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “အားနေသောလက်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူတို့၏လက်များသည်အားနေလျှင် ရွစိရွစိဂနာမငြိမ်ဖြစ်ကာ မကောင်းမှုတွင် မွေ့လျော်တတ်ကြောင်း၊ အားနေသောလက်တွေကို အလကားမထားဘဲ အလကားနေရာတွေမှာ သုံးလိုက်လျှင်လည်း အလကားလက်တွေ ဖြစ်သွားတတ်ပါကြောင်း၊ လက်တွေ အားနေသောကြောင့် ရိုးတိုးရွတ အလကားလှုပ်ရှားနေသော လူငယ်တို့မှာ တရိပ်ရိပ်တိုးတက်ပြောင်းလဲနေသည့် လောကကြီးတွင် တမော့မော့ငေးကျန်ရစ် ခဲ့သည့် လူကြီးများဖြစ်လာမည်ဖြစ်ပြီး လောကနီတိ လမ်းညွှန်အတိုင်း မိမိ၏အားနေသောလက်များကို အလကားမထား ထူးခြားစွာ သတိပြုသုံးစွဲသော ယနေ့ လူငယ်များသည် အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံကို ဉီးဆောင်ဉီးရွက်ပြုနေသည့် လူကြီးများ ဖြစ်လာကြပေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များက “မှတ်ဉာဏ်အရွယ်မလွန်မီ”၊ “လူငယ်တွေ မအအောင်လို့”၊ “လူငယ်နှင့် ရသ”၊ “နောင်လာ နောက်သား” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးအတွက်ရည်ရွယ်ကာ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)