ဇေယျာသီရိ ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ စိုက်ပျိုးရေးစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အုပ်စုမြေတိုင်းစာရေးများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဦးဇေထက်အောင်က မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကာလတူ စိုက်ဧကနှင့် နှိုင်းယှဉ်ပါက ၇၁၈ ဧကလျော့နည်းနေကြောင်း၊ လျာထားဧကပြည့်မီအောင် စိုက်ပျိုး နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက မိုးစပါး စိုက်ပျိုးထားရှိသည့် အခြေအနေများ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကြည်မောင်က စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စိုက်ပျိုးရေး စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)