ပုဏ္ဏားကျွန်း ဇူလိုင် ၂၁
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွန်းတောင်ကျေးရွာနှင့် ရေဖြူကန်ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ အဆိုပါ ပူးပေါင်းအဖွဲ့သည် ကွန်းတောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံရသည့် တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ ဖြန့်ဝေပေးနေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ပြည်သူများ လက်ခံရရှိခြင်းရှိ/မရှိနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွင်ပါဝင်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး၊ ကျေးရွာသူ၊ ကျေးရွာသားများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မွန်းလွဲပိုင်းတွင် ရေဖြူကန်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်းကျောင်းသို့ သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးရွာသားများကို ခြင်ထောင်၊ စောင်၊ သွားတိုက်ဆေး၊ သွားပွတ်တံများနှင့် ရွှေဝါဆပ်ပြာတောင့်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)