ချီဖွေ ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါး၏ ဘေးအန္တရာယ်ဆိုးကျိုးများကို သိရှိနိုင်ရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက "ကျောင်းကောင်စီ" သီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးခိုင်စိုးက "ကျောင်းသားလူငယ်များနှင့် မူးယစ် ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြစ် လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူးက "မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေးနှင့် အပြစ်ပေးအရေးယူမှု" ကိုလည်းကောင်း၊ မြို့နယ်ဥပဒေ အရာရှိ ဦးမင်းထိုက်က "မူးဆေးဝါးနှင့် ပြစ်မှု၊ပြစ်ဒဏ်" များကိုလည်းကောင်း အကျယ်တစ်ဝင့် အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အသိပညာပေး ဟောပြောပွဲသို့ ချီဖွေခရိုင် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခိုင်စိုး၊ ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယော်ကိ (ပြန်/ဆက်)