တာမိုးညဲမြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ပြုလုပ်

တာမိုးညဲ ဇူလိုင် ၂၀

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခေါန်မိုင်က Talk Show ကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းပြဆရာမ ဒေါ်ဝင်းသူဇာက မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့က ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲ၍ သိမ်းယူခဲ့သဖြင့် မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရကြောင်း၊ ထို့ကြောင့် သူ့ကျွန်လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် မျိုးချစ်စိတ်ဓာတ် ပြင်းထန်သည့် ခေါင်းဆောင်များက နည်းလမ်းပေါင်းစုံ အသုံးပြု၍ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ကြိုးစားနေစဥ်ကာလ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဝန်ကြီးများ ဘုရင်ခံ၏ အမှုဆောင်အစည်းအဝေး ပြုလုပ်နေစဥ် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာသူ လူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး ကျဆုံးခဲ့ရခြင်းကြောင့် ဇူလိုင်လ (၁၉)ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိ ပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာမိုးညဲ(ပြန်/ဆက်)