အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲ မူလွန်(ပတုပ်)ကျောင်း၌ကျင်းပ

ကော့မှူး  ဇူလိုင်  ၂၀

ဇူလိုင်လ ၁၉ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ ပေးဟောပြောပွဲကို ယမန်‌နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်ပတုပ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က မြန်မာနိုင်ငံတွင် နိုင်ငံတော်အထိမ်းအမှတ်နေ့ထူးနေ့ရက်အဖြစ် လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့ဟူ၍ သတ်မှတ်ထားကြောင်း၊ ထိုနေ့လေးရက်သည် မြန်မာ့သမိုင်းတွင် ပျောက်ပျက်မှေးမှိန်မသွားသည့် တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော နေ့ထူး နေ့ရက်များဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် သက်ဆိုင်သည့် အထင်ကရနေ့ကြီးရက် ကြီးများ ဖြစ်ပေါ်လာရခြင်းအကြောင်းများတွင် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်ပေးဆပ်ဆောင်ရွက်မှုများ မှာ ယနေ့ထက်တိုင်မမေ့နိုင်စရာဖြစ်ပြီး ကမ္ဘာတည်သရွေ့မေ့နိုင်မည်မဟုတ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ နိုင်ငံ‌တော်အပေါ် တာဝန်သိသိသစ္စာရှိရှိဖြင့် ကိုယ်ကျိုးမဖက် အသက်ကိုပဓာနမထားဘဲ ကြိုးပမ်းအားထုတ်ခဲ့သည့် ကျေးဇူးကြောင့် ယနေ့ထက်တိုင်လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်ကာ လွတ်လပ်စွာနေနိုင်ကြကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကား မြန်မာပြည်သူပြည်သားများအဖို့ ကမ္ဘာတည်သရွေ့မမေ့နိုင်စရာပင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် လူ့ဘောင်လောကကိုတည်ဆောက်နိုင်မှသာ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုရာ၊ သစ္စာစောင့်သိရာ၊ ကျေးဇူးဆပ်ရာရောက်မည် ဖြစ်ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ကျင့်တရား၊ စံနမှုနာယူစရာ ကြိုးပမ်းအားထုတ်မှုများကို အနာဂတ်မျိုးဆက်သစ်များ ဂုဏ်ယူဖွယ် အတုယူအားကျစိတ်များ မွေးမြူနိုင်ကြစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်ပတုပ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီ က ကျေးဇူးတင်စကား‌ပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စား‌စွာ လေ့လာကြည့်ရှုမှတ်သားနေ‌ကြောင်း သိရသည်။

ကျော်သူရ