မောက်မယ်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများဆောင်ရွက်

မောက်မယ် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “ကျောင်းသား/ကျောင်းသူကျန်းမာဖို့ ကျန်းမာရေး အဆင့်မြင့်ကျောင်းများထူထောင်စို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ ကျောင်းသူ များအား ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေးအရှိန် အဟုန်မြှင့်တင်၍ ယခုမိုးဦး ကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက် ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းတို့က ယနေ့နံနက် ၁၀ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျောင်းများရှိ KG ကလေးများအား ပေါင်ချိန်ပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း ၊ လည်ချောင်းနှင့် ဝမ်းပိုက်ကျန်းမာရေးများစစ်ဆေးပေးခြင်း၊ ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးပေး ခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို ယခုမိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာကြားခြင်း၊  ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ခြင်များမပေါက်ဖွားစေရန်အတွက် နေအိမ်နှင့်ကျောင်းဝန်းအတွင်း ပြုလုပ်ရမည့်နည်းလမ်းများ၊ မိုးရာသီတွင်အဖြစ်များသော ဝမ်းကိုက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန် စားသောက်နေထိုင်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး အသက် ၅ နှစ်ပြည့်ပြီး သော KG ကျောင်းသား/ကျောင်းသူ လေးများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို တစ်ပါတည်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)