ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ဘဲဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့်အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေး

ကျောက်ဖြူ  ဇူလိုင် ၂၀

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး မိုးစပါး စိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲဆောင်ရွက်သည့် အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ နာရီစင်ကွင်း၌ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် အခြေခံပညာမူလတန်း(ခွဲ)ကျောင်း၊ ကျောက်တင်ဆိပ်သို့ ရောက်ရှိပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ကျေးရွာ အုပ်စုများမှ တောင်သူများအနေဖြင့် မိုးစပါးအချိန်မီ ထွန်ယက်စိုက်ပျိုးကြရန်၊ မိုးစပါး (၁)ဧက အထွက်နှုန်းတိုးတက် စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး ယူရီးယားဓာတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် အုန်းတောကျေးရွာ၊ ကွင်းအမှတ်(၄၇၇)၊ တောင်သူတစ်ဦး၏ လယ်မြေတွင်  ကျင်းပပြုလုပ်သည့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)