သာစည်မြို့နယ် အခြေခံဘော်လီဘော အားကစားနည်းသင်တန်းတွင် သင်တန်းသား ၂၀၀ ကျော်အား ဆက်လက်ပို့ချပေး

သာစည် ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံဘော်လီဘော အားကစားနည်းသင်တန်းတွင် သင်တန်းသား ၂၀၀ ကျော် တက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦး (မြန်မာနိုင်ငံဘော်လီဘောလက်ရွေးစင်အသင်းနည်းပြ)ထံက သိရသည်။

ဘော်လီဘောအားကစားနည်းကို အခြေခံမှစ၍ စနစ်တကျဖြင့် တတ်မြောက်စေရန် ရည်ရွယ်ပြီး  ဇူလိုင်လ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ ဘောလုံးများ၊ ပိုက်များ စသည် အားကစားပစ္စည်းများ ထောက်ပံ့ပေးပြီး ဖွင့်ပွဲတွင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် ဘော်လီဘောကစားနည်း အခြေခံဖြစ်သော လက်ပူးလက်တောက် ခြေထောက် ရွှေ့နည်းနှင့်ခန္တာကိုယ်အနေအထား စသည်ဖြင့် အခြေခံများကို လှိုင်းတက်ကျေးရွာ၊ မယ်ဇလီကန်ကျေးရွာနှင့် မြို့နယ်အားကစားကွင်းတို့၌ စနစ်တကျပို့ချပေးလျက်ရှိကြောင်းသိရပြီး အခြေခံသင်တန်းပြီး နောက်တဆင့် ဆက်သင်ချင်သည့် သင်တန်းသားများရှိပါက ဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)