မိုင်းယု ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ပြီး ရေစည်၊ ရေအိုးများ၊ ရေကန်များ၌ အဘိတ်ဆေးခတ်ခြင်း၊ ရေများတင်ကျန်ရှိနိုင်သည့် တာယာဟောင်းနှင့် ခွက်ဟောင်းများကို မှောက်ထားခြင်းနှင့် ခြင်လောက်လန်းနှင့် ခြင်များခိုအောင်း ဖောက်ဖွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် အလေ့အကျင့်များ ရရှိစေရန် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြ သည်။
မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရက်သတ္တပတ်အတွင်း နေ့ရက်အလိုက် အစိုးရနှင့်ပုဂ္ဂလိကရုံးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဈေးဆိုင်များ၊ ဘာသာရေးအဆောက်အဦများရှိရာ နေရာများ၊ မူကြိုနှင့်စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများရှိ အများပြည်သူနေအိမ်ဝင်းများ စသဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အားချာ