သပိတ်ကျင်း၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် (၄) မိုင် အထက (ခွဲ) ကျောင်းတွင် ဖွင့်လှစ်ထားသော Facility Quarantine Center တွင် မန္တလေးတိုင်းဒေသကြီးမှ Lock Down သတ်မှတ်ထားသော မြို့နယ်များမှ ပြန်ရောက်လာသူများအား ယနေ့နံနက်ပိုင်းက Swab နမူနာယူ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် (၄) မိုင်ကျေးရွာတွင် မန္တလေးမြို့ Lock Down သတ်မှတ်ထားသည့်မြို့နယ်မှ လုပ်ငန်းလုပ်ကိုင်ပြီး မိမိတို့ဒေသသို့ပြန်လည်ရောက်ရှိလာသူ (၃) ဦးအား (၇) မိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမ ဒေါ်စန္ဒာထွေး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်း၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်တို့ပူးပေါင်းပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ပြီး၊ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များ ရယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာများအား ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး (၄) မိုင်ကျေးရွာ Facility Quarantine Center တွင် Quarantine ထားရှိသူ (၉) ဦးရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)