ကျောက်ဆည်မြို့နယ်တွင် မိုးနေကြာသီးနှံ (၃၁၄၃) ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဇူလှိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများ (၃၁၄၃) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးနေကြာသီးနှံများကို မင်းရဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၃) ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၅၂၉)ဧက၊ သင်းဒီး စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် (၃၁၁) ဧက၊ ထုံးကြီး စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၈၈) ဧက၊ စမာစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၀၆၈) ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၃၄) ဧက စုစုပေါင်း (၃၁၄၃) ဧက လျားထားစိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးနေကြာသီးနှံများစိုက်ရာတွင် ဆည်ရေသောက်၊ မိုးကောင်း ရေသောက်စနစ်များဖြင့် ပက်ကျဲစိုက်ပျိုးခြင်း၊ အတန်းချ စိုက်ပျိုးခြင်းနည်းများဖြင့် စိုက်ပျိုးကြပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများ စနစ်တကျ ကူညီပေးလျက်ရှိကြောင်း၊ အတန်းချစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက အပင်ကြားတန်းကြား (၁၅) လက်မခန့်အကွာ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်း ကောင်းမွန်ကြောင်း၊ နေကြာ (၁) ဧက စိုက်ပျိုးပါက မြေအမျိုးအစားနှင့်ရာသီဥတု အပေါ်မူတည်ပြီး တစ်ဧက (၁၅) တင်းမှ (၂၅) တင်းကျော် ထွက်ရှိကြောင်း မိုးနေကြာစိုက် တောင်သူများထံမှ သိရသည်။

သက်မောင်